ကဗျာဟုတ်ချင်မှဟုတ်မယ်

Tuesday, March 16, 2010

ဒါ....................
ကဗျာဟုတ်ချင်မှ ဟုတ်မယ်
မဟုတ်ချင်လည်း မဟုတ်ဘူး
ဟုတ်တယ်လို့ထင်ချင်လည်း ထင်နိုင်သလို
မဟုတ်ဘူးလို့ ထင်ချင်လည်းရတယ်

ဟုတ်တယ်/မဟုတ်ဘူး
နှစ်လုံးတည်းနဲ့ ကဗျာဖြစ်လားလို့
မင်းမေးချင်မေးလိမ့်မယ်
မမေးချင်လည်း ရတယ်

ဟုတ်သည်ဖြစ်စေ
မဟုတ်သည်ဖြစ်စေ
ငါ့ရင်ထဲမှာ
ကဗျာလို့ ခံစားပြီးရေးနေတယ်
မင်းလည်း ဒီလိုခံစားပြီး
ဖတ်ချင်ဖတ်နေမယ်
မဖတ်ချင်လည်းရတယ်

မင်းရင်ထဲကို ခံစားချက်တစ်ခုခုပေးရင်
ဒါ အနုပညာပဲ.... ကဗျာပဲ
စကားလုံးတွေမရှိလို့ ဒီလိုရေးတာပါလို့
မင်းထင်ချင်ထင်နိုင်တယ်
မထင်ချင်လည်းရတယ်

ငါပြောခဲ့သားပဲ

ဒါ................
ကဗျာဟုတ်ချင်မှ ဟုတ်မယ်
မဟုတ်ချင်လည်း မဟုတ်ဘူး
ဟုတ်တယ်လို့ထင်ချင်လည်း ထင်နိုင်သလို
မဟုတ်ဘူးလို့ ထင်ချင်လည်းရတယ်

လွင်ပြင်

အိပ်မက်ထဲကဘဝ

Sunday, February 21, 2010


အာရုံလာမစားနဲ့
နေ့ဆွမ်းပါကျွေးလွတ်လိုက်မယ်

နေဖို့ညစာချန်ထားတဲ့
အတွေးတွေနောက် တစ်ကောက်ကောက်လိုက်
အိပ်ရေးတွေပျက်လို့ ခေါင်းတွေခဲ
ငရဲကို ခဏခုန်းဆင်း
အိပ်မက်ကလန့်နိုးတော့
နောက်အိပ်မက်တစ်ခုက
ကြိုဆိုနေ၏

အိပ်မက်ထဲမှာ အကြိမ်ကြိမ်
အိပ်မက်တွေမက်တဲ့ဘ၀ကြီးကို
စိတ်ကုန်လွန်းလို့ပါ

ကျေးဇူးပြုပြီး.............ငါ့ကို

အာရုံလာမစားနဲ့
နေ့ဆွမ်းပါကျွေးလွတ်လိုက်မယ်


လွင်ပြင်

ဘန်ကောက်မြို့ နှင့် ဆေးလိပ်တစ်ဖွာ

Friday, February 19, 2010

ဘန်ကောက်ကိုမလာခင် သူငယ်ချင်းတစ်ယောက်က ပြောဖူးတယ်။ "မင်းဟိုရောက်ရင် ဆေးလိပ်ပြတ်သွားမယ်"တဲ့။ ဘာကြောင့်လဲလို့ မေးတော့ သူကမပြောဘူး။ "မင်းဟိုရောက်ရင် သိလိမ့်မယ်ကွာ" တဲ့။


သူပြောတဲ့အတိုင်းပဲ ဒီလည်းရောက်ရော ကျွန်တော် စပြီး ဒုက္ခတွေ့တော့တာပဲ။ သုဝဏ္ဏဘူမိ လေဆိပ်ရောက် ရောက်ခြင်းပဲ ဆေးလိပ်ကသောက်ချင်ပြီ။ ဟိုကြည့်၊ ဒီကြည့် နဲ့ ပတ်ဝန်းကျင်ကို စပ်စုလိုက်တော့ ဘယ်သူမှ သောက်နေတာမတွေ့ရဘူး။ ထားလိုက်ပါတော့ ....ကိုနေရမယ့် apartment ရောက်မှ သောက်တော့မယ်လို့ စိတ်ထဲက တေးထားလိုက်တယ်။


apartment ရောက်တော့ တာဝန်ခံက စည်းကမ်းချက်တွေသတိပေးတယ်။ အဲဒီထဲမှာ apartment ထဲ ဆေးလိပ်သောက်ရင် ဘတ် ၂၀၀၀ ဒါဏ်ငွေ ဆောင်ရမယ်လို့ပါလာတယ်။ သေပြီပေါ့။ ဆေးလိပ်ကတော်တော် သောက်ချင်နေပြီ။ဒါနဲ့ပဲ အထုတ်တွေအပိုးတွေကို ကိုနေမဲ့အခန်းထဲမှာထား၊ ပြီးတော့ သူငယ်ချင်းနှစ်ယောက် နဲ့ ဟိုလျှောက်ဒီလျှောက် လျှောက်ကြမယ်ဆိုပြီး အပြင်ထွက်တယ်။

စိတ်ထဲမှာတော့ အပြင်ရောက်ရင် ဆေးလိပ်သောက်မယ်လို့ တွေးထားတယ်လေ။ ပလတ်ဖောင်းပေါ် လမ်းလျှောက်တော့ ကျွန်တော်တို့ ရှေ့ကလူတစ်အုပ်ကိုတွေ့တယ်။ အဲဒီထဲက ရှေ့ဆုံးတစ်ယောက်က ဆေးလိပ်သောက်ပြီးလမ်းလျှောက်နေတယ်။ နောက်ကမိန်းကလေးသုံးယောက်က နှာခေါင်းတွေပိတ်၊ မျက်နှာတွေရှုံမဲ့ပြီး ရှေ့ကလူကို မြန်မြန်ကျော်တတ်သွားတယ်။ ကျွန်တော်လည်း တော်တော်အံသြသွားတယ် ဗျာ။ အဲလောက် ဆေးလိပ်သောက်တာကို တင်းကျပ်ထားမယ်လို့ မထင်မိဘူး။ နောက်မှသိလိုက်ရတာ Public Area တွေမှာ ဆေးလိပ်လုံးဝသောက်ခွင့်ပေးမထားဘူး။

အဲဒီနေ့က ကျွန်တော်ဆေးလိပ်မသောက်ဖြစ်ခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ် ဘန်ကောက်လာရတာ အဲဒါတစ်ခုတော့ ကျိန်းသေ အကျိုးရှိတယ်လို့ပြောလို့ရတယ်။ ဆေးလိပ်သောက်ဖို့ အခြေအနေက တော်တော်နည်းတော့ သိပ်အပင်ပန်းခံပြီး သောက်မနေတော့ဘူး။

နောက်တစ်ချက်က သူတို့ဆီမှာ ဆေးလိပ်၊ အရက်၊ ဘီယာ၊ စတဲ့ မူးယစ်စေတဲ့ အရာတွေကို အခွန်ပိုကောက် ကြတယ်။ မြန်မာပြည်မှာ Singa ဘီယာတစ်ဘူးကို ၅၉၀ ထားပါတော့ ၆၀၀ ပဲ ဒီမှာ ၃၅ ဘတ် မြန်မာငွေ ၁၀၀၀ ရှိတယ်။ ဒီကထုတ်တဲ့ ဘီယာက မြန်မာပြည်မှာထက် ဈေးအများကြီးကွာနေတာတွေ့ရတယ်။ ဈေးကွာလည်းဘာဖြစ်လဲ၊ ပိုက်ဆံရှိဝယ်ချင်တိုင်းဝယ်လို့ရတယ်လို့ မထင်လိုက်လေနဲ့ အရက်၊ ဘီယာကို ညနေ ၅ နာရီကျော်မှ ရောင်းတယ်ဗျာ။ အဲဒီအချိန်ထက်စောပြီးလာဝယ်ရင် လုံးဝကိုမရောင်းတာ။

ဆေးလိပ်လည်းဒီတိုင်းပဲ အနည်းဆုံးက ၅၉ ဘတ် မြန်မာငွေ ၁၈၀၀ ရှိတယ်။ Red Ruby သုံးဘူးစာ အနည်းလေးရတယ်။ ဒီထက်ပိုဆိုးတာက ဆေးလိပ်ဘူးတိုင်းမှာ ဆေးလိပ်သောက်လို့ ရောဂါဖြစ်တဲ့ ကင်ဆာ ရောဂါသည်တွေရဲ့ဓါတ်ပုံ၊ သွားတွေပျက်စီးတဲ့ ဓါတ်ပုံတွေကို တစ်ခါတည်းထည့်ထားတယ်။ ဆိုးလိုက်တာဗျာ ကျွန်တော်ဝယ်မလို့ လုပ်ပြီးမှ လက်ထွန့်သွားတယ်။ စဉ်းစားကြည့်လေဗျာ ပုံတွေက လန့်စရာကြီးတွေ။ ဒါပေမဲ့ ကျွန်တော် တစ်ဗူးတော့ ၀ယ်လာခဲ့တယ်။ ဓါတ်ပုံရိုက်ပြီး Post တင်ရအောင်လို့။

ဘာပဲပြောပြောဒါတွေက အတုယူသင့်တဲ့ အရာတွေလို့ထင်မိတယ်။ လူတွေရဲ့ ကျင့်ဝတ်နဲ့လည်းသက်ဆိုင် တယ်။ သူငယ်ချင်းတစ်ယောက်ပြောတယ်။ အရက်သောက်တာကိုခွင့်လွတ်နိုင်သေးတယ်၊ ဆေးလိပ်သောက် ရင် သူ့ဆီကထွက်တဲ့ အငွေ့ကို ဘယ်လိုသွားပိတ်မလဲတဲ့။ အသက်မရှုပဲလည်းနေလို့မရတော့ မဖြစ်မနေရှုနေရ တာတဲ့။ သူပြောတာလည်းမှန်တာပဲ။ အမှန်ဆို စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေတွေလိုအပ်သလို လူတွေ့ရဲ့ကျင့်ဝတ်နဲ့လည်းအများကြီးအရေးကြီးတယ်လေ။ ဘန်ကောက်မှာဆေးလိပ်တစ်ဖွာ သောက်ပြီးရင် ကိုယ့်ကိုယ်ကိုယ် ရာဇ၀တ်ကောင်တစ်ယောက်လို့ ထင်လာမိတယ်။ အဲဒီလိုမျိုးထင်လာအောင်လည်း တမင်ကို လုပ်ထားတာ။သဘာဝ ပတ်ဝန်းကျင်ရှု့ထောင့်ကနေ ကြည့်ရင်လည်း Carbon Footprint လျှော့ချရာ ရောက်သလို၊ လေထုညစ်ညမ်းတာကိုလည်း လျှော့စေတာပေါ့။ ဒီ post လေးဖတ်ပြီးရင် ဝေမျှပေးပါ။ သူငယ်ချင်း အချင်းချင်းပြောပြတာဖြစ်ဖြစ်။ copy, paste လုပ်ပြီး မေးကပို့တာဖြစ်ဖြစ်ပေါ့။ စီးပွားဖြစ်မဟုတ်ရင် ကြည့်ဖြူစွာ ခွင့်ပေးပါတယ်။

လွင်ပြင်

အကျဉ်းကျ.....ငါ

အခန်းကျင်းထဲမှာနေ
စိတ်ကို အကျဉ်းချ
နှလုံးသားကို သော့ခတ်လို့
တိတ်တိတ်လေးနေလည်း
ကိုယ်ရင်ခုန်သံတော့
ကိုယ်ကြားနေရတယ်

၂၂လောက်မွေးမြူလာတဲ့ အတ္တကို
ဂုတ်ချိုးဖို့ကြိုးစားဖူးတယ်


သူ့ဂုတ်ကို မဆုပ်ကိုင်မိခင်
ငါအသက်ရှုတွေကျပ်လာတယ်
ငါမေ့နေတာပဲ....!!!!!!!!!!
ငါ့အတ္တသေရင်
ငါရော........
ရှင်သန်နိုင်မှာလား

ကိုယ့်ကျောကိုသပ်လို့
နှစ်သိမ့်
မင်းတော်တယ်

လွင်ပြင်

အချစ်=အချို့

အချစ်ကို....................
အချို့ကချိုတယ်
အချို့ကခါးတယ်
အချို့ကငန်တယ်
အချို့ကြတော့ချဉ်တယ်
အချို့........
အချို့........

ပြောကြတယ်
ဒါပေမဲ့.......

အချို့က အထင်ကြီလို့ချစ်တယ်
အချို့ လှလို့ချစ်တယ်
အချို့ ရုပ်ဆိုးလို့ချစ်တယ်
အချို့ သွားခေါ်လို့ချစ်တယ်
အချို့ ရီစရာပြောတတ်လို့ချစ်တယ်
အချို့ အရပ်ရှည်လို့ချစ်တယ်
အချို့ ပြုံးတာလေးလှလို့
အချို့ စွာလို့
အချို့ .......
အချို့.........

ဘယ်လိုပဲချစ်ချစ်

အချို့က အနေဝေးလို့ သွေးအေးတယ်
အချို့ အသစ်တွေ့လို့ မေ့ပြစ်တယ်
အချို့ ဘ၀အတွက် စတေးပြစ်တယ်
အချို့ တစ်ချစ်ဟောင်းလို့ အသစ်ပြောင်းတယ်
အချို့ တစ်ယောက်အားမရလို့ နှစ်ယောက်ထားတယ်
အချို့ နှစ်ယောက်အားမရလို့ လေးယောက်ထားတယ်
အချို့.....
အချို့...........

ဘာပဲပြောပြော
မတည်မြဲခြင်းတရားအတွက်တော့
အချစ်ဆိုတာ ထိပ်ဆုံးက နေရာယူတယ်.........

လွင်ပြင်


တွေးမိသလောက်ရေးထားတာ.....ဖတ်ပြီးလို့ စိတ်ကူးထဲရှိရင် ကွန့်မန့်ပေးရင်း ရေးသွားလို့ရပါတယ်....

အတ္တနှင့် ဆေးသကြား….

ကျွန်တော်ကတော့ အတ္တကို ဆေးသကြားခဲနှင့် နှိုင်းချင်ပါသည်။ ဆေးသကြားကို လိုအပ်သလောက်ပဲ သုံးမည်ဆိုလျှင် ထိုအစားအသောက်က စားလို့ကောင်းပါသည်။ သူ့ချည်း သက်သက်ဆိုရင်တော့ ခါးပါသည်။ များလွန်းလျှင်ခါးမည်။ လုံးဝမသုံးလို့တော့မရ။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့ လူ့လောက၊ လူ့အသိုင်းအ၀ိုင်းတွင် ကျင်လည်ကြရသည့် ပုထုဇဉ် လူသားများ ဖြစ်သောကြောင့် အတ္တနှင့်ကင်းမည်မဟုတ်။ ဆရာကျော်ဝင်းဘာသာပြန်သည့်7 Habits မူရင်းစာရေးဆရာSEAN COVEYရေးသားသော စာအုပ်လေးမှာ ပါသည့် ပုံပြင်လေးတစ်ပုဒ်ကို ပြောပြချင်ပါသည်။ မူရင်စာရေးသူ SEAN COVEY ကိုယ်တိုင်ကလည်း ဘရုစ်ဘာတန် ၏ (THE MAN NOBODY KNOWS) ဆိုသည့် စာအုပ်ထဲမှ ထုတ်နုတ်ထားခြင်းဖြစ်သည် ပါလက်စတိုင်းဒေသတွင် ပင်လယ်နှစ်စင်းရှိပါသည်။ တစ်ခုသော ပင်လယ်တွင် အေးမြကြည်လင်သော ရေအယဉ် ရှိ၏။ စိမ်းစိုလန်းဆန်းသော ကမ်းနဖူး ရှိ၏။ ငါးမျိုးစုံတို့ရှင်သန် ကျက်စား ရာဖြစ်သလို၊ ကမ်းစပ်သစ်ပင်အားလုံး၏ ရေကြည်ပေးရာအေးမြကန်သာ ဖြစ်ပါ၏။ လူတို့က ဤပင်လယ်ကို နှစ်လိုဖွယ်ရှိသောပင်လယ် (THE SEA OF CALILIE) ဟုခေါ်ကြသည်။တစ်ခုသော ပင်လယ်တွင်မူ ညိုညစ်သော ရေပြင်အတိ ပြီး၏။ ခြောက်သယောင်းသော ကမ်းပါးတို့ဖြင့် ၀န်းရံ၏။လေပြည်မညင်း၊ ငါးတို့မပျော်၊ သတ္တ၀ါအပေါင်းတို့ ရှောင်ကွင်းခြင်းပြုကြ၏။ လူတို့က ဤပင်လယ်ကို မရဏပင်လယ် (DEAD SEA) ဟုခေါ်ကြသည်ဂျော်ဒန်မြစ်ရေသည် အဆိုပါပင်လယ်နှစ်ခုသို့ အညီအမျှစီးဝင်ပါသည်။ သို့နှင့်တိုင်ပင်လယ်နှစ်ခုမှာခြားနားလွန်းနေပါ၏။ အသို့နည်း။

နှစ်လိုဖွယ်ပင်လယ် ကမြစ်ရေကို လက်ခံသည်နှင့်အမျှ ပြန်ထုတ်ပေးသည်။ အ၀င်နှင့် အထွက်ညီမျှနေရာ ထာဝစဉ် စီးဆင်းနေပြီး ကြည်လင်နေခြင်း ဖြစ်ပါသည်။ တွန့်တိုစွာ သိမ်းဆည်းထားသည်။ သို့ဖြင့် ရေသေတို့ သဘာဝအတိုင်း မှုံမှိုင်းအုံ့ဆိုင်းနေခြင်းဖြစ်ပါသည်။သင်ကိုယ်တိုင်ရွေးချယ်မည် ဆိုလျှင် မည်သို့သော ပင်လယ်ဖြစ်လိုပါသနည်းကျွန်တော်တို့အသိုင်းအ၀ိုင်းမှာလည်း မရဏပင်လယ်လို လူများစွာကို တွေ့ရှိရပါသည်။ အ၀င်ပဲလက်ခံသည် အထွက်မရှိ။ အယူပဲရှိသည်၊ အပေးမရှိ။ တချို့တွေကတော့ ဆင်ခြေပေးချင်ပါသည်။ ကိုယ်ကပြည့်မှ သူများကို ဖြည့်လို့မယ် ဆိုတာမျိုးပေါ့။ ကိုယ်ကပြည့်မှဆိုတော့ ကျွန်တော်တို့လူသားများ၏ လိုအင်ဆန္ဒများသည် အဆုံးရှိသလားဟု မေးချင်ပါသည်။ ကျွန်တော်တို့လိုအင်ဆန္ဒများသည် အဆုံးမရှိပါ။ ဒါလေးမရခင်ကဒါလေးရရင်တော်ပြီဟုပြောသည်။ ဒါလေးလဲရရော ဟိုဟာလေးပါရရင်ပိုအဆင်ပြေမည်ဟု တွေးကြပြန်သည်။ ရယူလိုက်လို့ ပျော်ရွင်သည့် အပျော်နှင့် ပေးဆပ်လိုက်လို့ ရသည့် ပီတီကပိုချိုမြိန်ပါသည်။ ဒါကိုဆရာဖေမြင့်၏ နှလုံးသားအဟာရစာအုပ်ထဲတွင် ဖတ်လိုက်ရသော အကြောင်းအရာလေး တစ်ခုကို ဖောက်သည်ချချင်ပါသေးသည်။ သိပ်အတိ အကျတော့ မမှတ်မိတော့ပါ။အထက်တန်းကျောင်းအတူတူ တက်နေသော သူငယ်ချင်းနှစ်ယောက်ရှိပါသည်။ တစ်ယောက်ကချမ်းသာသည်။ တယောက်ကဆင်းရဲသည်။ တနေ့ ဆင်းရဲသော သူငယ်ချင်းထံသို့ ချမ်းသာသော သူငယ်ချင်း ကား အသစ်တစ်စီးကို မောင်း၍ ရောက်လာသည်။

သူတို့ ကားအတူတူ စီး၍ မြို့အနှံ့လျှောက် မောင်းကြသည်။ ဆင်းရဲသားကောင်လေးက ကားလျှောက်မောင်းသည့် တလျောက်လုံးတွေးတော၊ မှိုင်တွေ၍ လိုက်လာသည်။ ချမ်းသာသော ကောင်လေးက ဘာလဲ မင်းဒီလိုကားမျိုးလိုချင်လို့လား ဟုမေးသည်။ထိုအခါ ဆင်းရဲသားကောင် လေးကဤသို့ပြန် ဖြေလိုက်သည်မဟုတ်ပါဘူးကွာ၊ ငါညီလေးကို ဒီလိုကားမျိုးဝယ်ပေးချင်လို့ တွေးနေတာ ပါ၊ ငါညီလေးသာ ဒီလိုကားမျိုးရရင် တော်တော်ပျော်မှာ ဟုပြုံးပြီးတော့ ပြောလိုက်သည်။ကိုယ့်မိဘအတွက်၊ ကိုယ့်မောင်နှမတွေအတွက်၊ ကိုယ်အသိုင်းအ၀ိုင်းအတွက်၊ ကိုယ့်ရပ်ကွက်အတွက်၊ နောက်ဆုံး ကိုယ်ကမ္ဘာကြီးအတွက် ဆိုပြီး ဘာမျှော်လင့်ချက်မှ မထားပဲ အလုပ်တစ်ခုလောက်လုပ်ကြည့်ပါ။ ကိုယ်လုပ်တာလူအများကြီးသိဖို့ မလိုအပ်ပါဘူး။ကိုယ်လုပ်သော အလုပ်အတွက် ဂုဏ်ယူဝင့်ကြွားစွာပြောဖို့ မလိုအပ်ပါဘူး။ ကိုယ့်လုပ်တာ ကိုယ်သိဖို့ နှင့် ကိုယ် စိတ်ကိုယ်သန့်ဖို့ပဲလိုအပ်ပါသည်။ သင်မျှော်လင့်ချက်မထားပေမဲ့ သင်မမျှော်လင့်သော အရာများ သင့်ဆီဆိုက်ရောက်လာပါလိမ့်မည်။ဤစာကိုဖတ်ပြီး ပေးဆပ်တတ်သူတစ်ယောက်ဖြစ်အောင် အခုပဲစပြီးလုပ်ဆောင်မည်ဟု စိတ်ကူးလေးတစ်ချက်ရလျှင်ပင် စာရေးရကြိုး နပ်ပြီဖြစ်ပါကြောင်း………….

လွင်ပြင်

သာမာန်မဟုတ်သော G talk ဇာတ်လမ်းတစ်ပုဒ်

၂၀၀၆ ခုနှစ် စက်တင်ဘာ ၅ ရက်
အလုပ်ပိတ်ရက် Sunday နံနက်ခင်းအားလပ်နေသဖြင့် နံနက်စာစားပြီးနောက် Internet ဆိုင်သို့ခြေဆန့်ခဲ့ပါ
သည်။ထုံးစံအတိုင်း Mail စစ်၊Facebook သုံး၊Blog လေးနည်းနည်းပါးပါးရေးနှင့် အချိန်ဖြုန်းနေလိုက်သည်။
Gtalk ကိုဖွင့်ကြည့်လိုက်တော့ ကိုယ်နှင့်သိတဲ့သူတစ်ယောက်မှမရှိ။ထိုနေရာ၌ ကျွန်တော့်၏ အကျင့်တစ်ခု
ကိုပြောပြရန်လိုသည်။ကျွန်တော့်ကို Invite လုပ်ရင် မည်သူဖြစ်ဖြစ်လက်ခံလိုက်ပြီး အသိဖြစ်လျှင် စကားပြော
၍ မသိသူဆိုလျှင် Hi,How r u လောက်နှင့်ပြီး၍ စကားဆက်ကပြောဖြစ်သည်ကများသည်။ကြာလာတော့သူ့
ဖက်ကလည်း စကားမပြော ကိုယ့်ဖက်ကလည်းပြန်မပြာနှင့် online မှာလူတွေအများကြီးရှိလျှက် စကားပြော
မည့်သူမရှိဖြစ်နေခြင်းဖြစ်သည်။အခုတော့ ပျင်းပျင်းရှိသည်နှင့်မည်သူနှင့် ချက်ရင်ကောင်းမလဲဟု နာမည်တွေ
ကိုလိုက်ပြီးဖတ်ကြည့်နေမိသည်။innocentgirl,bluedevil,nightmare,romanticgirl စသည့်နာမည်ဆန်းဆန်း
ပြားပြားတွေထဲမှ cheery89@gamil.com ဆိုသည့် ရိုးရှင်းသောနာမည်လေးတစ်ခုကိုတွေ့လိုက်ရသည်။ကျွန်
တော်လည်းထို account ပိုင်ရှင်လေးနှင့်ပင်ချက်မည်ဟုစဉ်းစားလိုက်ပြီး ကိုယ်ကပဲ စတင်မိတ်ဆက်လိုက်ပါ
သည်။
“မင်္ဂလာပါ”
(ကျွန်တော် Gtalk နှင့်ချက်လျှင်မြန်မာလိုသာချက်လေရှိသည်။Myanglish လိုလည်းနားမည်၊ဖတ်လည်းမဖတ်
တတ်၊English လိုလည်းမကျွမ်းကျွင်သောကြောင့် ဖြစ်သည်။)
သူ့ဖက်ကလည်းမြန်မာလိုသာပြန်ချက်၍ တော်သေးသည်ဟုဆိုရသော်လည်း ဘုဂလန့် ပြန်ချက်ခြင်းဖြစ်သည်။
သူပြောပုံကိုကြည့်
Cheery89 “ရှင်ကဧည့်ကြိုလား”
Blizzard87 “ဗျာ”
C “မင်္ဂလာပါဆိုလို့ ရှင်ကဧည့်ကြိုလားလို့မေးတာ”
B “အာ…..ဟုတ်ပါဘူး”
C “ဒါဆိုဘာလို့ မင်္ဂလာပါလို့ပြောလည်း”
B “ကိုယ်နဲ့ မသိတဲ့လူတစ်ယောက်နဲ့ မိတ်ဆွေဖြစ်ရတာမင်္ဂလာပေါ့ဗျ”
C “မိတ်ဆွေဖြစ်မယ်လို့ဘယ်သူကပြောလို့လဲ၊မိတ်ဆွေဖြစ်တိုင်းရော မင်္ဂလာရှိရောလား”
B “ဟာဗျာ….လမ်းမှာပခုံးချင်းတိုက်မိတဲ့လူနှစ်ယောက်တောင်မှ ဒီလိုစကားပြောဖို့အခွင့်အရေးရှိ
မဟုတ်ဘူး၊ကျွန်တော်တို့ ဒီလိုစကားပြောခွင့်ရတာ ရှေးဘ၀ကံပါလို့ဗျ”
C “ရှင်က talky တော့တော်တော်ကောင်းသာပဲ၊ဒီ talky နဲ့စော်ဘယ်နှစ်ယောက်လောက်များ
ထားပြီးပြီလဲ”
B “ကျွန်တော့်ကို online တတ် စော်တွေကို Q ပြီးအချိန်ဖြုန်းနေတဲ့ကောင်များမှတ်နေလား”
C “ဒါတော့ဘယ်သိနိုင်မလဲ”
B “တော်ပြီဗျာ၊ခင်ဗျားကျွန်တော့်ကိုစော်ကားတာများပြီ၊ခင်ဗျားနဲ့ဆက်မပြောတော့ဘူး၊ဒါပဲ”
သူကအဲဒီလိုကောင်မလေးပါ၊ကျွန်တော်လည်းပထမတော့ Block လုပ်လိုက်မယ်လို့စဉ်းစားပါသေးတယ်။ဒါပေမဲ့
သူနဲ့ချက်ရတာ ခံစားချက်တစ်ခုခု ပေးနိုင်တာကတကြောင်း၊သူ့ဆီကနေတောင်းပန်စကားပြန်ကြားရမလားလို့
စောင့်နေမိတာကတကြောင်းနဲ့ Block မလုပ်လိုက်တာပါ။ခဏနေတော့သူပြန်ပြောလာပါတယ်။တောင်းပန်
စကားမဟုတ်ပင်မဲ့ လေသံတော့နည်းနည်းပျော့သွားပါတယ်။(လေသံပျော့သည်ဆိုရာ၌ သူ့အသံကိုကြားရ၍
ပြောခြင်းမဟုတ် သူရိုက်လိုက်သောစာကိုကြည့်၍ ခန့်မှန်းပြောခြင်းဖြစ်သည်)
C “ရှင်online မှာစော်မရှိတာ တကယ်လား”
သူဘာဖြစ်မလဲသိချင်၍ ကျွန်တော်ဘာမှ ပြန်မပြောဖြစ်ပါ။
C “ဟေး………8ပျော်သွားပြီလား”
B “မပျော်ပါဘူး…ကျွန်တော်ပြောတော့ရောခင်ဗျားက ယုံမှာလား”
C “ရှင်လိမ်လည်းပြဿနာမရှိဘူး၊ရှင်နဲ့ကျွန်မ ကအပြင်တွေ့ရတာမှမဟုတ်တာ၊ယုံပေးရမှာပေါ့”
B “ခင်ဗျားလေးယုံတာမယုံတာလည်းကျွန်တော့်အတွက်ပြဿနာမရှိဘူး၊ကျွန်တော်ကတော့ အ
မှန်အတိုင်းပြောမှာပဲ၊ ကျွန်တော့်မှာ ရည်းစားမရှိဘူး”
C “ဒါဆိုရင် အပြင်မှာရော”
B “ရှိဘူးတယ်”
C “ခုမရှိတော့ဘူးဆိုပါတော့”
B “ဒါပေါ့”
C “ဒါဆိုရင် online မှာစော်တစ်ယောက်လောက်မထားချင်ဘူးလား”
B “တစ်ခါတလေတော့ထားကြည့်ချင်တဲ့စိတ်ဖြစ်မိတယ်”
C “ဘာအတွက်ကြောင့်လဲ”
B “အော်…ဒါကဒီလိုဗျ..အပြင်မှာသိနေတဲ့လူတစ်ယောက်ကို ကိုယ့်ရဲ့ခံစားချက်တွေ၊စိတ်ဆင်းရဲ
မှု့တွေကို ဖွင့်ပြောရမှာ မမိုက်ဘူးဗျ၊ကိုယ့်ကိုအထင်သေးမှာစိုးရ၊သူ့မျက်နှာအခြေအနေကို
ကြည့်ပြီးမှပြောရတာလေဗျာ၊online မှာဆိုတော့လူချင်းတွေ့ရတာလည်းမဟုတ်ဘူး၊တွေ့ဖြစ်
မှာလည်းမဟုတ်တော့ ပြောရတာပိုကောင်းမယ်လို့ထင်လို့ပါ”
C “ဒါဆိုရင် Online တခြားလူတွေသွားပြောလည်းရတာပဲမဟုတ်လား”
B “ဘယ်တူမလဲဗျ…ကိုယ်ရဲ့အရင်းနှီးဆုံးလို့စိတ်ထဲမှာသတ်မှတ်ထားတဲ့လူကိုပြောပြရတော့ ပို
ကောင်းတာပေါ့”
ကျွန်တော် ဒီစကားကို တကယ်လေးလေးနက်နက်ပြောမိတာပါ။သူလည်းစိတ်ဝင်စားသွားပုံရတယ် သူ့ဘက်က
ဘာမှ တုန်ပြန်မလာဘူး။သူတုန့်ပြန်လာတော့လည်း ကျွန်တော်တောင်နည်းနည်းဖြုန်သွားမိပါတယ်။
C “ဒါဆိုရင် ကျွန်မကို ချစ်တယ်လို့ပြော”
B “ဗျာ”
C “အော်….ကျွန်မကို propose လုပ်လို့ပြောတာ၊ကျွန်မလည်း အဲဒီလိုလူတစ်ယောက်လိုမယ်လို့
ရှင်မထင်မိဘူးလား၊ဒါပေမဲ့ ရှင်နဲ့ကျွန်မကြားမှာ ကတိတစ်ခုတော့ထားရမယ်”
B “ဘာကတိလဲ”
C “သိပ်အခက်အခဲကြီးမဟုတ်ပါဘူး၊ရှင်မှန်းကြည့်ပါလား”
B “ဟာဗျာ…ကျွန်တော်အဲလိုတွေ မခန့်မှန်းတတ်ပါဘူးဗျာ၊ခင်ဗျားသာပြောပါ ကျွန်တော်ပေးနိုင်
တဲ့ကတိဆိုရင် ပေးပါ့မယ်”
C “ကောင်းပြီ (၁)ရှင်ကျွန်မကိုအပြင်မှာတွေ့ဖို့ဘယ်တော့မှမတောင်းဆိုရဘူး၊(၂)ဖုန်းနံပါတ်
လည်းမတောင်းရဘူး၊ဓါတ်ပုံလည်းမပြခိုင်းရဘူး၊ဘယ်လိုလဲ သဘောတူလား”
B “တူတယ် ကျွန်တော်လည်းအဲလိုလုပ်တာကို သဘောကျတယ်၊ဒါဆိုရင်နာမည်ပြော”
C “ဘာလုပ်ဖို့လည်း”
B “Propose လုပ်ရင် နာမည်တပ်ပြောရင်ပိုကောင်းမယ်ထင်လို့”
C “နာမည်အပြည့်အစုံက ပန်းချယ်ရီ၊သူငယ်ချင်းတွေထဲမှာ ပန်းလို့ခေါ်တဲ့လူရှိသလို၊ချယ်ရီ
လို့လည်းခေါ်တဲ့လူရှိတယ်၊ရှင်ကြိုက်သလိုခေါ်နိုင်ပါတယ်”
B “ချယ်ရီလို့ပဲခေါ်ပါမယ်၊ကျွန်တော့်နာမည်ကတော့ စိုးထိုက်အောင်ပါ စိုးလို့ခေါ်လည်းရတယ်၊
ထိုက်လို့ခေါ်လည်းရတယ်၊အောင်လို့ခေါ်လည်းရတယ် ကြိုက်သလိုခေါ်ပါ၊ပြီတော့ အသက်
ဘယ်မှာနေလဲဆိုတာကိုပြောပြ”
C “စပြီ၊ဘယ်မှာနေလဲတော့မပြောပြနိုင်ဘူး”
B “ဟုတ်ဘူးလေ၊ ရန်ကုန်ဆိုရန်ကုန် တောင်ကြီးဆိုတောင်ကြီး အဲဒါလောက်ပဲပြောတာ”
C “အဲလောက်ဆိုရင်တော့ရပါတယ်၊ကျွန်မက SG မှာနေတာပါ၊အသက်က ၁၉ နှစ်ပါ”
B SG ဆိုတာ စင်္ကာပူကိုပြောတာလား။
C စစ်ကိုင်းကိုပြောတာ။ ဟိ… အခုတော့ရန်ကုန်မှာ သင်တန်းလာတတ်တာ။ရှင်ကရော…..
B “ကျွန်တော်က ရန်ကုန်မှာနေပါတယ် ၂၁ နှစ်ပါ”
“ဒါဆို Propose လုပ်ပြီနော်”
C “as u like”
B “ချယ်ရီကိုကျွန်တော်အရမ်းချစ်တယ်၊ကျွန်တော့်ကိုပြန်ချစ်နိုင်မလား ချယ်ရီ”
C “ဟုတ်”
B “စကားပြောလာတဲ့တောက်လျှောက် ဒီတခွန်းပဲညင်သာတာပါသေးတယ်”
C “ကြည့်၊ ရည်းစားဖြစ်တာဖြင့် စက္ကန့်ပိုင်းတောင်မကြာသေးဘူး စပြီးဆူပြီ”
B “ဆူတာမဟုတ်ပါဘူး၊ကြည်နူးသွားလို့ပါ”
C “—————————————–”
B “———————————”
ဒီလိုနဲ့ပဲ အဲဒီနေ့က ကျွန်တော်Gtalkကနေ မိတ်ဆွေတစ်ယောက်မဟုတ်တဲ့ ရည်းစားအသစ်တစ်ယောက်ကို
ရလိုက်ပါတယ်။

၂၀၀၇ ခုနှစ်၊ စက်တင်ဘာ၊ ၅ရက်
ဒီနေ့ တစ်နှစ်ပြည့်ပါတယ်။ ဒါကိုသူသတိထားမိလား မထားမိလားမသိပေ့မဲ့၊ ကျွန်တော်အတွက်တော့ အမှတ်
တရပါပဲ။ ဒါကြောင့် ဒီနေ့ အင်တာနက်ဆိုင်ကို စောစော သွားခဲ့ပါတယ်။ သူနဲ့ တွေ့နေကျ အချိန်ထက် တစ်နာ
ရီလောက်စောပြီး သွားတာပါ။ ကျွန်တော့်စိတ်ထဲမှာ ဒီနေ့သူ့ဆီကနေ ဖုန်းနံပါတ်တောင်းဖို့ ရည်ရွယ်လာပါတယ်။
ဒါ အတော်ကို အရဲစွန့်ရမယ့် အလုပ်ပါ။ သူနဲ့ ကျွန်တော်နဲ့ ကြားမှာ ကတိတစ်ခုထားထားတယ်မဟုတ်လား။
အမှန်အတိုင်း အပြောရရင် ကျွန်တော်သူကိုချစ်မိနေပါပြီ။ စကားစကားပြောပါများ စကားထဲက ဇာတိပြဆိုတဲ့
အတိုင်း သူ့အကြောင်းတော်တော်များများကို ကျွန်တော်သိခဲ့ရသလို၊ ကျွန်တော့်အကြောင်းတော်တော်များများ
ကိုလည်း သူသိနေပါပြီ။ သူက ကတိတစ်ခုကို တန်ဖိုးထားသူဆိုတာလည်း ကျွန်တော်သိပါတယ်။ ဒါပေမဲ့
ကျွန်တော်သူ့အပေါ် ချစ်တဲ့ အချစ်တွေက ထိုကတိဆိုသည့် ဘောင်တစ်ခု၊ အဟန့်အတားတစ်ခုကို ဖောက်
ထွက်ဖို့ သတ္တိတွေပေးနေပါပြီ…………ကျွန်တော်ဘာလုပ်ရမလဲ။
cheery89@gamil.com ဆိုသည့် account လေး အစိမ်းရောင်မီးလင်းလာပါတယ်။ သူလည်း online ကို
အရင်အချိန်ထက် နာရီဝက်လောက်စောပြီးရောက်လာပါတယ်။
B ဟိတ်၊ ဒီနေ့စောတယ်နော်၊ ဘာဖြစ်လို့စောစောလာတာလဲ….
C ချယ်ရီတစ်ယောက်တည်း စောတာမဟုတ်ပါဘူးနော်။ ချယ်ရီ့ ထက်စောတဲ့လူတောင်ရှိသေး
တယ်၊
B ကိုက ဒီနေ့စောစောလာတာ အကြောင်းရှိတယ်။ ဘာကြောင့်လို့ထင်လဲ ခန့်မှန်းကြည့်။
C အလုပ်ပိတ်ရက်မို့လို့လား….ဒါမှမဟုတ်…ချယ်ရီ့ အပြင် အခြားစော်တစ်ယောက်နဲ့ချိန်းထားလို့
ခပ်စောစောလာတာမဟုတ်လား………
B ဟာ………..ချယ်ရီကလည်း online မှာရော အပြင်မှာရော ရည်းစားဆိုလို့ ချယ်ရီတစ်ယောက်
ပဲရှိတာ။ ဘယ်ကရည်းစားကိုလာစောင့်ရမှာလဲ……
C ဒါဆို ဘာလို့လည်းဆိုတာပြောပြ……….
B ချယ်ရီတကယ်မသိတာလား………..မသိချင်ရောင်ဆောင်နေတာလား…..
တကယ်မသိဘူးဆိုရင်တော့ ကို စိတ်ဆိုးမိမှာ အမှန်ပဲ……….
C စတာပါရှင် …… စိတ်ကြီးပဲ……….ဒီနေ့ ချယ်ရီတို့ online မှာ ရည်းစားဖြစ်တာ ၁နှစ်ပြည့်တဲ့နေ့
လေ ….ဟုတ်တယ်မဟုတ်လား……… ဒါကြောင့်ချယ်ရီက စောစောလာတာ……….
ကို စောစောလာမယ်ဆိုတာလည်းသိတယ်…..
B ဒီလိုကျတော့လည်း ချယ်ရီကအရမ်းချစ်ဖို့ကောင်းတာပဲ………
တစ်နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ချယ်ရီနဲ့ ကို အပြန်အလှန် လက်ဆောင်တစ်ခုစီ ပေးကြ
အောင်……မကောင်းဘူးလား
C online ကနေပဲလား
B ဒါပေါ့
C ကောင်းပြီလေ………ကိုအရင်တောင်း
B ကို့ကို စိတ်မဆိုးရဘူးလို့ အရင်ကတိပေး……..
C အင်းပါ….အရင်ပြောကြည့်ပါ……….
B သေခြာနားထောင်နော်……..ကိုယ့်ကို ချယ်ရီ့ရဲ့ဖုန်းနံပါတ်လေး ပေးပါလားကွာ…..
Online မှာပြောရတာ အားမရဘူး ….နောက်ပြီး………..ကိုယ် လေ
ချယ်ရီ့ကို တကယ်ချစ်မိနေပြီ…….
C ……………………………………………………………………
ချယ်ရီ့ဘက်က စက္ကန့်အတော်ကြာ ဘာမြှုပန်မပြောပါဘူး………ကျွန်တော်လည်း တော်တော်လေးစိတ်လှုပ်ရှား
နေပါပြီ………….
B ချယ်ရီ………စကားပြန်ပြောပါအုံးကွာ………စိတ်ဆိုးသွားလားဟင်………အဲလိုစကားမပြောပဲ
တော့မနေပါနဲ့ကွာ……..
C …………………………………………………………………………..
B ချယ်ရီ……………..ကိုယ်တောင်းပန်ပါတယ်ကွာ…………………
C တစ်နှစ်ဆိုတဲ့ အချိန်က ကတိတစ်ခုကို ဖျက်ဖို့လုံလောက်တဲ့အချိန်လို့ ရှင်သတ်မှတ်ထားလား
တစ်နှစ်ဆိုတဲ့ အချိန်က မိန်းကလေးတစ်ယောက်ကို အခွင့်အရေး ယူဖို့လုံလောက်တဲ့ အချိန်လို့
ရှင်သတ်မှတ်ထားတာလား……..ကျွန်မ အရမ်းဝမ်းနည်းတယ်……..ယောင်္ကျားတွေ အားလုံး
အတူတူပဲ……..
ကျွန်တော် တကိုယ်လုံးချွေးတွေရွဲနစ်နေပါပြီ…………သူ့ကိုဖြေရှင်းတုန့်ပြန်ဖို့ စကားလုံးတွေ ကို ကီးဘုတ်လက်
ကွက်မှာရော ဦးနှောက်ထဲမှာရော ဘယ်မှာမှ ရှာမတွေ့ပါဘူး……………….
C ကျမ ရှင်နဲ့ စကားဆက်မပြောချင်တော့ဘူး…………….ကံမကုန်သေးရင်တော့ ထပ်တွေ့ကြအုံး
မှာပေါ့ရှင်…………..Bye
သူ offline ဖြစ်သွားပါတယ်……………block လုပ်တာလား…….ထွက်သွားတာလားမသေခြာပေမဲ့ ကျွန်တော့်
နှလုံးသားကတော့ block လုပ်တာခံလိုက်ရပါပြီ………..
အိမ်အပြန်လမ်းမှာ မိုးဖွားလေးတွေကျနေပါတယ်……………“ကိုယ်အပေါ်မှာ အရင်းနှီးဆုံးလူ တစ်စိမ်းများကြား
မှာ ရှိရင် အရာရာပြည့်ဆုံမလား…….ကိုယ့်ကို တွေ့ဆုံခွင့်ပေးပါ……”
ဝိုင်ဝိုင်း သီချင်းသံတစ်ချို့ လမ်းထိမ်ရှိ လဖ္ဘက်ရည်ဆိုင်ထဲမှ ပြန်လွင့်လာပါသည်………………………….

လွင်ပြင်